ရှမ်းပြည်နယ်တောင်ပိုင်း စစ်မီး ကူးစက်ကျယ်ပြန့်လာနိုင်သလား

ရှမ်းပြည်နယ်တောင်ပိုင်း စစ်မီး ကူးစက်ကျယ်ပြန့်လာနိုင်သလား

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျရှုံးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်များ (EAOs) နှင့် စစ်ကောင်စီကို ဆန့်ကျင်သော တော်လှန်ရေးတပ်များ၏ စစ်မြားဦးသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဦးတည်လာနိုင်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။ ပြည်မဒေသနှင့် စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဆက်သွယ်ပေးထားသော ရှမ်းပြည်နယ်တောင်ပိုင်းသည် စစ်ရေးအရလည်း အရေးပါသည့်ဒေသဖြစ်ရာ ရှမ်းတောင်သို့ မြောက်ပိုင်းမဟာမိတ်တပ်နှင့် ပူးပေါင်းတပ်များ ဆင်းလာရေးတွင် အခြေအနေများဖြစ်ပေါ်နေသည်။ ဦးစွာပထမအချက်မှာ ကိုးကန့်၊ တအာင်းနှင့် ရခိုင်တပ်တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၎င်းတို့ထိန်းချုပ်သော ရှမ်းပြည်မြောက်ပိုင်းနယ်မြေများကို စစ်ကောင်စီရန်မှ ကာကွယ်ရန် စစ်ကောင်စီကို စစ်ရေးအရ ဆက်လက်၍ အရှိန်အဟုန်မပြတ်ဖိအားပေးရန် လိုအပ်ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းအဖွဲ့များသည် ရှမ်းမြောက်မှ ရှမ်းတောင်အထိ ဆင်းလာမည်ဟု မှန်းဆရသည်။ ထို့ပြင် ရှမ်းမြောက်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတစ်ခုလုံးရှိ တော်လှန်ရေးအင်အားစုများအကြား ထောက်ပို့နှင့် လှုပ်ရှားလမ်းကြောင်းများ ခိုင်မာအားကောင်းစေရန် ရှမ်းတောင်၌ စိုးမိုးနယ်မြေချဲ့ထွင်ရန် ဖြစ်သည်။ ကရင်နီပြည်နယ်ရှိ တော်လှန်ရေးတပ်များနှင့် မြောက်ပိုင်းသုံးဖွဲ့များကြားခံနေသော ရှမ်းတောင်ကို ဖောက်၍ ထောက်ပံ့ရေးလမ်းကြောင်းဖောက်လာနိုင်သည်ဟု စစ်ရေးလေ့လာသူတချို့က ခန့်မှန်းကြသည်။ လတ်တလော ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်နေသည့် နေရာ ၃ ခုရှိပြီး စစ်ရေးတင်းမာနေသည့် နေရာတစ်ခုရှိနေသည်။ ရပ်စောက်နှင့် နောင်ချိုမြို့နယ်အစပ်အပါအဝင် ဆီဆိုင်မြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့ ပူးတွဲရှိနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ဝန်းကျင်တွင်လည်း စစ်ရေးတင်းမာနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့သို့ လာနေသည်ဟူသော ကောလာဟလပျံ့နှံ့၍ ဒေသခံများစိုးရိမ်ပူပန်နေကြကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာန၏ ယနေ့ထုတ်သော သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
Recent Search

0 Komentar ရှမ်းပြည်နယ်တောင်ပိုင်း စစ်မီး ကူးစက်ကျယ်ပြန့်လာနိုင်သလား

Post a Comment